" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, April 9, 2009

“ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး”


ယခုအပတ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးများ၊ မိန့်ခွန်းများနှင့်သတင်းစာ ရှင်းလင်းပွဲများကို ပေါင်းစည်း၍ ဒေါက်တာ အောင်ခင်တည်းဖြတ် ထုတ်ဝေထားသည့် Freedom From Fear “ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး” စာအုပ်အားအပတ်စဉ်အပိုင်းလိုက်ခွဲ၍ဖေါ်ပြ ပေးသွားပါမည်။
စာနှင့်ဓါတ်ပုံများကို မျိုးမြင့်ချိုက ရှာဖွေစုဆောင်းပေးပါသည်။


အပိုင်း(၁)
“ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”
အောင်ဆန်းစုကြည်
http://i686.photobucket.com/albums/vv226/myatthu2009/6yearsold.jpghttp://i686.photobucket.com/albums/vv226/myatthu2009/AungSansFamily.jpghttp://i686.photobucket.com/albums/vv226/myatthu2009/MotherChildren.jpg
“စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့လူတွေလည်းရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှစစ်သား ဆိုတဲ့ စိတ်ဓာတ်ကိုပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင် တွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ ကိုသဘောပေါက်ရမယ်” “အောင်ဆန်း”
http://i686.photobucket.com/albums/vv226/myatthu2009/AungSansfamily2.jpghttp://i686.photobucket.com/albums/vv226/myatthu2009/ParentsChild.jpg
“အောင်ဆန်းစုကြည် သည် အမှန်တရားကို ပြောဆိုနေ၍လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့အခြေခံ အယူ အဆများကို ရောင်ပြန်ဟပ်နေ၍ လည်းကောင်း၊ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ” “ဗားစလဗ်ဟာဗဲလ်”

“အောင်ဆန်းစုကြည်သည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံးအင်္ဂါလက္ခဏာ များဟု သူမ ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းအင်္ဂါလက္ခဏာရပ်များ နှင့် ထပ်တူထပ်မျှ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်” “နိုဘဲလ်ကော်မတီဥက္ကဌ” (၁၉၉၁)

စာရေးသူ၏ အမှာ
စာရေးခြင်း၊ မိန့်ခွန်းပြောခြင်း၊ စကားပြောခြင်းစသောလုပ်ရပ်များ၏ အဓိကရည်ရွယ်ချက်တခုကား လူအချင်းချင်း နားလည်မှုတိုးပွား စေရန်ဖြစ်သည်ဟု ကျမယူဆပါသည်။ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကမ္ဘာက ပိုမို၍သိရှိနားလည်စေရန်ရည်ရွယ်၍ ဤစာအုပ်ပါဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတနိုင်ငံကို အမှန်တကယ်အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားသားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမယုံကြည်ပါသည်။
“၁၉၈၈-၈၉” ခုနှစ်များအတွင်း ကျမပြောကြားခဲ့သော မိန့်ခွန်းများနှင့်သတင်းစာရှင်းလင်းပွဲများ၏ ဦးတည် ချက်သည် ဒီမိုကရေစီ သဘောတရားများနှင့် ဒီမိုကရေစီစနစ်ကို တည်ထောင်လိုသူတို့၏ အတွေးအခေါ်၊ အမြင်တို့ကို အများပြည်သူဝေဖန်သုံးသပ်နိုင်ရေးပင် ဖြစ်ပါသည်။
ဆောင်းပါးများ၊ မိန့်ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများကို စုပေါင်း၍ စာအုပ်ထုတ်ဝေလိုက်ခြင်းဖြင့် မြန်မာ့ နိုင်ငံရေးနှင့် ဒီမိုကရေစီ ရေးများကို နားလည်သုံးသပ်လိုသူများအတွက် အထောက်အကူ ဖြစ်နိုင်မည်ဟု မျှော်လင့်ပါသည်။
ဤစာအုပ်ကို ထုတ်ဝေနိုင်ရန် အားပေးကူညီခဲ့သူတို့အား ကျေးဇူးတင်လျက်ရှိပါသည်။ များပြားလှသော အလုပ်တာဝန်များကြားမှ စေတနာပြည့်ဝစွာဖြင့် အဓိကဘာသာပြန်သူအဖြစ်လည်းကောင်း စာတည်း ဖြတ်သူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည့် ဒေါက်တာ အောင်ခင်“လန်ဒန်” ကို အထူးကျေးဇူးတင်ရှိ ကြောင်း ဖော်ပြအပ်ပါသည်။
အောင်းဆန်းစုကြည်



စာတည်း၏ အမှာ
လွန်ခဲ့သော ရှစ်နှစ်ခန့် “၁၉၈၅” ခုနှစ်ကဖြစ်သည်။ နှင်းထူထပ်စွာကျနေသည့် ထိုနှစ် ဆောင်း ရာသီတနေ့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ်ကျနော် တွေ့ဆုံခဲ့ရသည်။ ထိုစဉ်က အင်္ဂလန်တွင် ရန်ကုန်တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်ဟောင်း သမိုင်းဆရာဆရာမများ ရောက်ရှိနေခိုက်ဖြစ် သဖြင့်အောက်စဖို့ဒ်တက္ကသိုလ်တွင် တနေ့စုဝေးကြသည်။
ထိုနေ့၌ပင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံက သူတို့အိမ်တွင် လက်ရည်ပွဲပြင်ဆင်ထားသဖြင့် ကျ နော်တို့ သမိုင်းအုပ်စု သွားကြသည်။ ကျနော်နှင့် ကျနော့်ဇနီးအပါအဝင် အားလုံးဧည့်သည် ရှစ်ယောက် ရှိ၏။
ဒေါ်စုကိုယ်တိုင်လုပ်ထားသော ကိတ်မုန့်များစားသောက်၍ တပျော်တပါးရှိလှသည်။ ကျနော်သည် ဒေါ်စု၏ ခင်ပွန်း ဒေါက်တာမိုက်ကယ် အဲရစ်နှင့်သာ စကားပြောရသည်ကများပြီး ဒေါ်စုမှာမူအမျိုးသမီးဝိုင်းတွင် လက်မလည်နိုင်အောင်ဧည့်ခံရင်း စကားလက်ဆုံကျနေသည်က များ၏။
ဒေါ်စုတို့အိမ်မှာ အတော်လေးကျယ်ဝန်းသည်ဟု ဆိုနိုင်သော်လည်း ကုလားထိုင်များ၊ စားပွဲများ နှင့် စာအုပ်စင်များကလွဲ၍ ကျနော် ဘာမျှ မတွေ့မိ။ လင်မယားနှစ်ယောက်စလုံးရိုးရိုးကုပ်ကုပ်နှင့် စာပေလိုက် စားသူများ ဖြစ်သည်ဟူ၍သာ ကျနော့်စိတ်ထဲ၌ မှတ်ချက်ချမိသည်။

ထိုနေ့ တွေ့ဆုံပြီးနောက်ပိုင်း ကျနော်နှင့် ဒေါ်စုတို့ဇနီးမောင်နှံ လုံးဝအဆက်အသွယ် မရှိသလောက် ဖြစ်သွားသည်။ “၁၉၈၈” ခုနှစ်ရောက်မှ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံတွင် ဒေါ်စုဇောက်ချ၍လုပ် ကိုင်နေသည်များကို သတင်းစာများတွင် ဖတ်ရသည်။ လူကြုံများနှင့် ပါလာသောဗွီဒီယိုအခွေ များတွင် လည်း ဒေါ်စုကိုတွေ့ရသည်။ ကျနော်သည် မဆလခေတ်ကို စက်ဆုပ်ရွံရှာပြီး“မဆလ” ဒဏ်ကို လည်း မခံနိုင်သည့်အဆုံး နိုင်ငံခြားထွက်လာခဲ့သူဖြစ်သည်။ ဒေါ်စုမှာမူလွတ်လပ်နေရာမှ အမိနိုင်ငံသို့ပြန်ရင်း မိမိ၏ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ ထွန်းကားရေးအတွက် တိုက်ပွဲဝင်ရုန်းကန်နေသူဖြစ်သည်။ ဒေါ်စုကို ရိုးသားဖြောင့်မတ် သိမ်မွေ့သော အိမ်ရှင်မတဦးအဖြစ်သာ သိရှိထားခဲ့ သဖြင့် ရေရှည်တိုက်ပွဲတွင် ခံနိုင်ရည်ရှိပါ့မလားဟု အစတွင် ကျနော်သံသယ ဖြစ်မိသည်။ သို့သော် ဒေါ်စု ဦးဆောင်သည့် ဒီမိုကရေစီတိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ထိုသံသယစိတ်တို့ လွင့်စင်ကွယ်ပျောက်ကုန်တော့သည်။

ဒေါ်စု အင်္ဂလိပ်ဘာသာဖြင့်ရေးသား၍ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် တည်းဖြတ်ထုတ်ဝေသော "Freedom From Fear" စာအုပ်ကို “၁၉၉၁” ခုနှစ် ဒီဇင်ဘာလတွင် ဖတ်လိုက်ရသည်။ ထိုစာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထုတ်ဝေသင့်သည်ဟု ကျနော် တွေးမိသည်။ ထိုစာအုပ်ကို တကယ်တမ်း မြန်မာပြန်ရာတွင် ကျနော် အဓိကအခန်းမှ ပါဝင်လာရမည်ဟု ထိုစဉ်ကမထင်မှတ်ခဲ့ပါ။ ကျနော် နောက်ဆုံး မြန်မာပြန်ဆိုရေးသားထုတ်ဝေခဲ့သည့် အတွေ့အကြုံမှာ “၁၉၇၁” ခုနှစ်ကဖြစ်သည်။ နှစ်ပေါင်း “၂၀” ကျော်ခန့် မြန်မာပြန်ထုတ်ဝေသည့် အလေ့အထ ပြတ်လပ်နေခဲ့သဖြင့်အစတွင် ဒေါ်စုစာအုပ်ကို မြန်မာပြန်ရန် မဝံ့မရဲဖြစ်မိသော်လည်း မြန်မာတိုင်းရင်းသားတိုင်း ဖတ်ရှုသင့်သည့် စာအုပ်ဟု ယုံကြည်သည့်အတွက် အတတ်နိုင်ဆုံး အားထုတ်ပြန်ဆိုခဲ့ရသည်။ အထူးသဖြင့် မြန်မာစာဖတ် ပရိသတ် အတွက် ရည်စူးထားသည့် အလျောက် အင်္ဂလိပ်စာအုပ်နှင့်မတူဘဲ တမူထူးခြားနေမှာ အမှန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးဖခင်ဟု လူတိုင်း လိုလို ငယ်စဉ်ကတည်းက သိရှိထားခဲ့ကြ သော်လည်း ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆများကို လေးလေးနက်နက် နားလည်သဘော ပေါက်မိသူ အလွန်နည်းပါးလိမ့်မည်ထင်သည်။ ထိုလူနည်းစုထဲတွင် ဒေါ်စု အထင်ရှားဆုံးဖြစ်မည်မှာပြော ရန်မလိုဟု ယုံကြည်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆများပေါ်တွင်အခြေခံ၍ မိမိ ကိုယ်ပိုင်ယုံကြည်ချက်များကို တည်ဆောက်ထားသော ဒေါ်စု၏ အတွေးအခေါ်ကို မြန်မာတိုင်းရင်းသား တိုင်းသိရှိနားလည် သဘောပေါက်ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် “၁၉၆၂” ခုနှစ်မှ “၁၉၈၈” ခုနှစ်အထိ ပြည်သူလူထု ယုံကြည်အားထားလောက်သည့် နိုင်ငံ ရေးခေါင်းဆောင်မျိုး ပေါ်ပေါက်ရန် အခွင့်အလမ်းမရှိခဲ့ပါ။ “၁၉၈၈” ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာသည့်အခါတွင်မှ ကိုယ်ကျိုးစွန့်၍ တိုင်းပြည်အတွက် အနစ်နာခံ လုပ်ကြမည့် ငယ်ရွယ်သော ခေါင်းဆောင်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအထဲတွင်ဒေါ်စုသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး အမွေကို ဆက်ခံမည့်သူအဖြစ်၎င်း၊ ငြိမ်းချမ်းသောနည်းဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ကိုရယူနိုင် မည့်သူအဖြစ်၎င်း၊ တပ်မတော်သားတို့က ရိုသေလေးစားရ သူအဖြစ်၎င်း၊ အများပြည်သူ၏ ယုံကြည်ကိုး စားမှုရယူထားသူအဖြစ်၎င်း၊ အမျိုးသားပြန် လည်သင့်မြတ် ရေးကိုလုပ်ဆောင်နိုင် မည့်သူအဖြစ် လည်းကောင်း ပေါ်ထွက်လာပါသည်။

ကွယ်လွန်သူ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရေးသား၍ “၁၉၅၀” ခုနှစ်က ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့သည့် “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်တွင် မြန်မာ့ရှေးဟောင်းသမိုင်းပညာရှင်ကြီး ပါမောက္ခ “ဂျီအိပ်ခ်ျလုစ်” က “ဗမာမဟုတ်သော နိုင်ငံသားများအပေါ် ကွယ်လွန်သူ အောင်ဆန်း ထားရှိ သောသဘောထားများကို ကျနော် များစွာလေးစားမိပါ၏။ မြန်မာနိုင်ငံစည်းလုံးရေးကို “ဓား”ဖြင့်မဟုတ်ဘဲ နိုင်ငံ့ခေါင်း ဆောင်ပီသစွာ လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိ ကြိုးပမ်းရာတွင် “ကျန်စစ်သား” လွန်သည်မှစ၍ အောင်ဆန်းသည် ပထမဆုံးသော ဗမာဖြစ်သည်ဟု ကျနော် ယူဆပါသည်” ဟု ၎င်း၏ အမှာစာတွင် မှတ်တမ်းတင်ထားသည်။
ဒေါ်စုသည် ဖခင်လုပ်သူ၏ ခြေရာအတိုင်းလိုက်နိုင်မည်ဟု ကျနော်ယုံကြည်၏။ သို့သော် မြန်မာနိုင်ငံ၌ ဒီမိုကရေစီထွန်းကားရန် ဒေါ်စု တဦးတည်း အနစ်နာခံကြိုးပမ်း၍ရမည်မဟုတ်၊ လူတိုင်းက မိမိတို့၏ ကိုယ်ကျိုးသက်သက်ကိုသာကြည့်မနေဘဲ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေး တို့အ တွက် တတ်နိုင်သ၍ တာဝန်သိသိကူညီမှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကား၍ စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိနိုင်မည် ဖြစ်သည်။
စာအုပ်ပါ အသုံးအနှုန်းများကို နေ့စဉ်သုံး မြန်မာစကားနှင့် အနီးစပ်ဆုံးဖြစ်စေရန်ရည်ရွယ်ထားသဖြင့် ဥပမာ“ကျွန်မ” “ကျွန်တော်” ဟူသော စာလုံးပေါင်းကို မသုံးဘဲ “ကျမ”“ကျနော်” ဖြင့်အစားထိုး သုံးစွဲထားသည်။ မူရင်း မြန်မာစကားတွင် မိမိကိုယ်မိမိ “ငါ” ဟူ၍ ရည်ညွှန်း သော်လည်း အာဏာရှင် ဘုရင်များခေတ်တွင် “ကျွန်”ဟူသော ဝေါဟာရခေတ်စားလာခဲ့၍ “ငါ” ဟူသော မူလအသုံးအနှုန်းမှာ ဘုရား စာများ တွင်သာ ကျန်နေတော့မည်ဖြစ်သည်။
စာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီကြသည့် လန်ဒန်မြို့မှ အရှင်ဥတ္တရ၊ ဦးစိန်ကျော်လှိုင် နှင့်အခြားမြန်မာပြန်ဆို ကူညီသူ များအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာပြန်ဆိုရာ၌ တစုံတရာ ချွတ်ယွင်းမှုရှိမည်ဆိုလျှင် ကျနော့်တွင်သာ တာဝန်ရှိပါသည်။
ဒေါက်တာအောင်ခင်
လန်ဒန်
“၇- ၉- ၉၃”
ဗားစလဗ် ဟာဗဲလ်၏ စကားဦး
ဗားစလဗ်ဟာဗဲလ် (Vaclav Havel) သည် အထူးရိုလေးစားခြင်းခံရသော ပြဇာတ်နှင့် စာရေးဆရာဖြစ်ပြီး၊ ယခုအခါတွင် ချက် (Czech) နိုင်ငံ၏ သမ္မတ ဖြစ်သည်။ ချာတာ “၇၇” ဟု ထင်ရှားသော လူ့ အခွင့်အရေး လှုပ်ရှားမှုကို “၁၉၇၇” ခုနှစ်၌ စတင် တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုကြောင့် ချက်ကိုစလိုဗားကီးယား (Czechoslovakia) တွင် ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ခြင်းဖြစ်၏။ တပါတီ အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်း၊ နေအိမ်တွင်အကျယ်ချုပ် ဖြင့်ဖမ်းဆီး ခံရခြင်းစသည့် အတွေ့အကြုံများ ရှိခဲ့သူ ဖြစ်သဖြင့်“ဗားစလဗ်ဟာဗဲလ်” သည် အောင်ဆန်းစုကြည် အပေါ်တွင် အထူး စာနာထောက်ထား၊ ရိုသေလေးစားသူဖြစ်သည်။ သူမကို “၁၉၉၁” ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးရန် အဆိုပြုသူများထဲတွင် ၎င်းပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ အတွက် အာဏာရှင်စနစ်အား ဆန့် ကျင်သည့် သူမ၏တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိ အမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။ သူမသည် ဤဆုနှင့်အလွန်ပင် ထိုက်တန်သူတဦးဖြစ်သည်။ သူမသည် ရှင်းလင်းပြတ်သားသားခိုင်မာစွာ ပြောဆိုသူဖြစ်သည်။ သူမအား နှုတ်ဆိတ်သွားစေရန် ရည်ရွယ်၍ နိုင်ငံခြားသို့အမြဲတမ်းသွားရောက်နေထိုင်ပါရန် ဆွဲဆောင်ကမ်းလှမ်းလာသည်ကို သူမက လက်မခံဘဲ ငြင်းပယ်ထားပါသည်။ အကျယ်ချုပ်ကျခံ နေရသည့်ဘဝတွင် သစ္စာတရားကို စောင့်ထိန်းလျက်ရှိသည်။ အာဏာမဲ့သူတို့၏ စွမ်းအားကို သူမကအလွန်ထင်ရှားစွာ ဥပမာပြနေပါသည်။ နိုဘဲလ်ငြိမ်း ချမ်းရေးဆု အတွက် သူမအား အဆိုပြုခဲ့ရသည်ကို ကျနော် လေးနက်စွာဂုဏ်ယူမိသည့်အလျောက် သူမအား ရွေးချယ် လိုက်သည် ကို ကောင်းချီးဩဘာပေးကြသူများတွင် ကျနော် အပါအဝင် ဖြစ်သည်။
မြန်မာပြည်၌ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရန် ဦးတည်သောတိုက်ပွဲတွင် ဘဝကိုမြုပ်နှံထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ တိုင်းပြည်၌ တရားမျှတမှုရှိရန်အတွက်သာမက မိမိတို့၏ပန်းတိုင်ကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာရွေးချယ်လိုသူ အားလုံးအတွက်ပါ ရဲရင့်စွာ ပြောဆိုနေခြင်း ဖြစ်ပါသည်။
ကမ္ဘာတခွင်လုံးတွင် လွတ်လပ်မှုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသမျှကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ဖော် ပြောဆိုချက်ကဲ့သို့သော ပြောဆိုမှုများသည် အခြားသူများကိုပါ လှုံ့ဆော်သိမ်းသွင်းလာလိမ့်မည်ဖြစ်ပါသည်။ လွတ်လပ်ရေး တောင့်တသည့် ဟစ်ကြွေးသံသည် ဥရောပအ လယ်ပိုင်းမှထွက်ပေါ်လာသည်ဖြစ်စေ၊ ရုရှားမှဖြစ်စေ၊ အာဖရိကမှဖြစ်စေ၊ သို့မဟုတ် အာရှမှဖြစ်စေ တသံ တည်း ထွက်နေပါသည်။ ၎င်းမှာ လူသားအားလုံးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပါရန်နှင့် လူသားအား လုံးတွင် မျှော်လင့်ချက်ရှိရန် လိုအပ်သည် ဟူသော ဟစ်ကြွေးသံပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည် အမှန်တရားကိုပြောဆိုနေ၍၎င်း၊ သူမ၏ စကားများသည် မြန်မာနှင့်ကမ္ဘာ့ အခြေခံအယူအဆကို ရောင်ပြန်ဟပ်နေ၍၎င်း၊ သူမအား နှုတ်ဆိတ်အောင်မပြုလုပ်နိုင်ပါ။ လူသား၏ သန္ဓေပါဂုဏ်သိက္ခာ၊ လူသား နှင့်ခွဲခွာ၍ မရသော ညီမျှသောအခွင့်အရေးများကို အသိအမှတ်ပြုသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ် နှင့်ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူလူချင်းညီအကိုမောင်နှမသဖွယ် မေတ္တာထားရန်အကြံပြုသောအယူအဆ စသည့်အတွေး အခေါ်အယူအဆတို့သည် မိမိတို့၏ တန်ဖိုးထားမှုများနှင့်မည်ကဲ့သို့ဆန့်ကျင်ဘက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူနိုင်ငံသားများ အနေနှင့် နားမလည်နိုင်အောင်ဖြစ်ရပေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားပါသည်။ ရဲရင့်သတ္တိရှိသော ဤ အမျိုးသမီး အား နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် တရားမျှတမှုကို ကြိုးစားရှာဖွေနေကြသူ ကျနော်တို့အားလုံးအတွက် သူမကပြောဆိုနေ သည်ကို ရှင်းလင်းစွာပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ “ဗားစလဗ် ဟာဗဲလ်”

0 comments:

Post a Comment

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By